Friday, September 18, 2009

စိတ်ဓာတ်....


လူတစ်ယောက်ကို မကျေနပ်တာနဲ့... ဖုန်းဆက်ပြီး ကိုယ့်ကိုယ်ကိုတော့ အသိမခံပဲ ဆဲ ဖို့ သတ္တိ ဘယ်လောက်များလိုပါသလဲ..
အဲဒီလို လုပ်ရပ်မျိုး လုပ်ရဲသူကိုတော့ ယောက်ျားတစ်ယောက်လို့ မမြင်မိပါ။
မကျေနပ်ရင် ကိုယ် မှန်တယ်ထင်ရင် ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ရှင်းသင့်တယ်လို့ မြင်မိတယ်။
အဲ့ဒီလို အဆဲခံလိုက်ရတဲ့သူကတော့ ဘုမသိ၊ဘမသိနဲ့ စိတ်မကောင်းဖြစ်နေလေရဲ့ ..
သူက သူများအရှုပ်တွေထဲ မပါချင်လို့ အရှင်းတကာ့ အရှင်းဆုံးဖြစ်အောင် နေတဲ့သူဆိုတော့။ သူ့ခံစားချက်ကို နားတော့လည် မိပါတယ်။
ဒါပေမယ့် ကိုယ်က မှန်နေတဲ့သူဆိုတော့ ဘာမှ ခံစားနေစရာ မလိုဘူးလို့ ပဲ ထင်တယ်။
လူမှန်ရင်တော့ လောကဓံတရားထဲမှာပါနေတဲ့ ကဲ့ရဲ့ ခြင်း၊ ချီးမွမ်းခြင်းတွေကတော့ လာနေမှာပဲ။
ဘုရားရှင် ဟောခဲ့တဲ့ တရားထဲက လိုပဲ..
ကိုယ့်ကို လာဆဲနေတာ.. ကိုယ်က လက်မခံရင် .. ဆဲတဲ့သူပဲ သူပစ္စည်း သူပြန်ယူသွားရပါလိမ့်မယ်။
သူများ ဆဲတာ ကိုယ်ပြန်ဆဲ နေရင် ကိုယ်လည်း သူ့လို အောက်တန်းကျတဲ့သူ ဖြစ်သွားမှာပေါ့။
ဝမ်းနည်းစရာလည်း မဟုတ်ပါ။ အဲ့ဒီလို လူမျိုးတွေက ပိုသနားဖို့ကောင်းပါတယ်။ သူတို့ရဲ့  အဆင့်နိမ့်လွန်းတဲ့ စိတ်ဓာတ်က ဘယ်လိုနေရာမျိုးမှာမှ ၀င်ဆန့်မှာ မဟုတ်လို့ပါပဲ။



Saturday, August 22, 2009

ပြိုမှာလေလား မိုးကောင်းကင်

ပြိုမှာလေလား မိုးကောင်းကင်

အနောက်တောင်ထောင့်က မိုးတွေညိုလာပြီတဲ့..
မိုး ဆိုတာ အနောက်တောင်ထောင့်ကပဲ ညိုတတ်ပါသလား..
ဒီနေ့တော့ မှတ်မှတ်ရရ အနောက်မြောက်ဘက်ကနေ မိုးတွေညိုလာတယ်။
မိုး မှာလဲ လူတွေကို လွမ်းသလို၊ဆွေးသလိုဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ စွမ်းရည်တစ်မျိုးရှိတယ်နော်..



တိမ်ညိုတွေမြင်တိုင်း ဘာလို့မှန်းမသိ လူက မှိုင်းမှိုင်းညို့ ညို့ ..
ဟင်း သိကြသေးတာပေါ့..
ငါ့ကို ဒီလိုလုပ်လို့ရမလား..
နင့်ကို ကင်မရာနဲ့ရိုက်ပြီး ငါ့ ဘလော့မှာ တင်လိုက်မှာပေါ့..

ဒီအချိန်ဆို ဟိုးအရင်တစ်ခါက ငါ ခိုလှုံခဲ့ဖူးတဲ့ မြို့ ငယ်လေးလည်း
ရွှဲရွှဲစိုနေရှာရောပေါ့..
သူ့အတွက်တော့ မိုး က မရှိမဖြစ်ပါပဲလေ..
အမှန်တကယ်တော့ ငါ လည်း နင့်ကို
အရမ်းချစ်ခဲ့တာပါ မိုးရယ်....

နင်က ဟိုးအရင်တုန်းက သိပ်ပြီး နွေးထွေးတာ...
မိုးစက်တွေအောက် ပြေးလွှားပြီး ငါ သိပ်ပျော်ခဲ့တာပေါ့..
ခုတော့ နင်က သိပ်ပြီး အေးစက်တာပဲ..
ငါ့မှာ နင်နဲ့ မထိတွေ့ရအောင်လို့ အပြင်ထွက်ခါနီး ၀တ်လိုက်ရတဲ့
မိုးကာအကျီင်္တွေ.. ဒီလိုနဲ့ပဲ
နင့်ကို အဝေးကပဲ ချစ်နေရတယ်ဟာ..
ဖြစ်နိုင်ရင် နင် ရွာချသမျှကို ငါ ခံယူပြီး လန်းဆန်းချင်ပါတယ်။

ဒါပေမယ့် ငါ သိပ်ချစ်တဲ့ မြေသင်းနံ့လေးတွေ
နင် သယ်ဆောင်လာပေးတဲ့အတွက်
ကျေးဇူးပါပဲ။
ဘာမှတော့မဆိုင်ဘူးပေါ့ဟာ..
ဒါပေမယ့် ငါလည်း ဒီသီချင်းလေး နားထောင်ပြီး
ငါ့ အခန်းထဲကနေ နင့်ကို ကြိုပါတယ်။

Sunday, June 21, 2009

Story of four Candles

ဖယောင်းတိုင်းလေးတိုင်ရဲ့ ရာဇ၀င်













ဒီပုံလေးတွေကို မြင်တာနဲ့ အရမ်းသဘောကျမိတယ်။ တိုက်ဆိုင်မှုတွေနဲ့ ပြည့်နေလို့။
ကိုယ့်ရဲ့  အကြိုက်ဆုံး Motto ကလည်း
*Hope is the LAST thing I lost*
ဆိုတော့။
လူသားအားလုံးလည်း မျှော်လင့်ချက်တွေအပြည့်နဲ့ မနက်ဖြန်တိုင်းကို
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့
ဆန္ဒပြုပါတယ်။

Saturday, June 20, 2009

*¤_¤*သွေးအေးလူသတ်သမား*¤_¤*



အဲဒီတုန်းက မှတ်မှတ်ရရ ၉ တန်းကျောင်းသူကြီးပေါ့။ ၉၉-၂၀၀၀ ပညာသင်နှစ်လေ။ ကျောင်းက အထက (၂) သထုံ။ ကိုးတန်း အေ နဲ့ ဘီ ကို သီးခြားသက်သက်ခွဲထားတယ်။ ကျောင်းဆောင်ကြီးတွေနဲ့ မတူပဲ ဘောလုံးကွင်းအစပ်နားက ကွန်ပြူတာခန်းလုပ်မယ့်နေရာတွေမှာ။ အတန်းတစ်ချိန်နဲ့တစ်ချိန် ကူးရင် ဆရာမတွေ တော်တော်နဲ့မလာနိုင်လို့ လွတ်လပ်ရေးရနေကြ။ ကိုးတန်း ဆိုတော့ Bio တို့၊ Chemestry တို့၊ Physics တို့ စသင်ရတာ။ အရွယ်ကလည်း ဟိုမရောက်ဒီမရောက် ဆိုတော့ စိတ်ကလည်း ဟိုရောက်ဒီရောက်။ သူများတွေလို ရည်းစားစထားတာတော့မဟုတ်ဘူး။ ကဗျာတွေ ၀တ္ထုတွေ စဖတ်တာ။ ညည လာတဲ့ တရုတ်ကားတွေလည်းကြည့်ရတာမောနေတာပဲ။ တစ်သက်လုံး အဆင့် ၁ နဲ့ ၃ ကြားမှာနေလာတာ အဲဒီတစ်နှစ်လုံး ၈ ၊ ၉ ကနေမတက်ဘူး။ အမေဆို စိတ်တွေဆိုးလို့။ အဲဒီတုန်းက ကိုယ်မကြိုးစားတာလည်းပါမှာပေါ့။ ဒါပေမယ့်လည်း လွန်တာက တစ်သက်လုံး အဆင့် ၃၀ ကနေမတက်တဲ့သူက သူ့အမေအတန်းပိုင်လည်းဖြစ်ရော အဆင့် ၁ တွေဘာတွေရလို့။ အဲဒီတစ်ယောက် ရီရတယ်။ အဆင့် ၁ ရလို့ သူ့အမေက ဆွဲကြိုးပေးဝတ်တယ်ဆိုပဲ။ တစ်နေ့လုံး အကျီင်္ရင်ဘတ်ကြီး ဖွင့်ထားတာ ကြွားချင်လွန်းလို့။ ကျောင်းက System ကတစ်မျိုး ၅ တန်းကစပြီး အတန်းတင်စာမေးပွဲကြီးမှာ အဆင့် ၁ ကနေ ၄၅ အတွင်းဝင်တဲ့သူတွေကို A အတန်းဆိုပြီး ထားလိုက်တယ်။ အဲဒီလိုဆိုတော့ နောက်နှစ်လည်း ဒီလူတွေပဲ၊ ၁၀ တန်းရောက်တဲ့ထိကို ဒီလူတွေပဲ။ ကျွန်မနဲ့တစ်ချို့သူငယ်ချင်းတွေဆို သူငယ်တန်းကတည်းက အတန်းတူတူပဲ။ ပြောချင်တာတောင် ဘယ်ရောက်သွားပြီလည်းမသိတော့ဘူး။ သြော် သိပြီ။ အဲဒီတုန်းက နေ့လည်ထမင်းစားကျောင်းဆင်းပြီး ပြန်တက်ရတဲ့ အချိန်ဆိုသိပ်အိပ်ငိုက်တာပဲ နေ့လည် ၁ နာရီကနေ ၁ နာရီ ၄၅ ထိ. ဘိုင်အိုအချိန်။ ဘိုင်အိုဆရာမကလည်း ကြမ်းမှကြမ်း ဟိုးတစ်နေ့တုန်းကပဲ ကျောင်းသားတစ်ယောက်ကို ပါးကိုရိုက်တာ။ သနားပါတယ်။ မျက်နှာကိုရဲသွားတာပဲ။ အနန္တော အနန္တ ငါးပါးထဲမှာပါတာတော့ သိပါတယ်။ ဒါပေမယ့် တစ်ချို့ဆရာမတွေကျတော့ သိပ်ပြီးမလေးစားချင်ဘူး။ သူတို့ကသိပ်မျက်နှာလိုက်တာ။ ထားလိုက်ပါတော့။ ပြောချင်တာက အဲဒီနေ့က ကိုယ်က ထမင်းစားပြီးတော့ အိပ်ကငိုက် ဆရာမ က ငါးအကြောင်းသင်နေတာ။ ပြောတော့ပြောနေတာပဲ ကိုယ်လည်း အိပ်က ငိုက်ငိုက်နဲ့ မှတ်ချင်တာတွေမှတ်နေတာ။ စာသင်ချိန်ပြီးလို့ အိပ်ငိုက်ပြေတော့ ပြန်ကြည့်မှ စာအုပ်ထဲမှာမှတ်ထား တာက သွေးအေးလူသတ်သမား တဲ့။ ဟာ ဆရာမများ တရုတ်ကားအကြောင်းပြောသွားလားပေါ့။ သူများမှတ်စုနဲ့တိုက်ကြည့်တော့မှ ဘယ်ဟုတ်မလဲ Fish are cool-blooded animals (သွေးအေးသတ္တ၀ါ) လို့ပြောတာကိုး။ ကိုယ်ကတော့ အိပ်ငိုက်ငိုက်နဲ့ တရုတ်ကားနဲ့ရောပြီးတော့ ငါး ကို လူသတ်သမားနဲ့ တောင်မှားရသေးတယ်။ အဲဒီဆရာမ သိရင် သူရဲ့  ရှိစုမဲ့စု အတွင်းအားတွေနဲ့ ဖျစ်ညှစ်ပြီး အော်လိုက်မယ့်ဖြစ်ချင်း။။။ အိပ်ငိုက်တာပြောပါတယ်။

အထူးဆန်းဆုံး ကြောက်လန့်ခြင်းများ


ကြောက်လန့်ခြင်းအမျိုးမျိုးရှိတာဟာ လူပြောများတဲ့အကြောင်းအရာတော့မဟုတ်ပါဘူး။ ၀က်ဘ်ဆိုက်ဒ် တစ်ခုကတော့ ကြောက်လန့်ခြင်းအမျိုးမျိုးကို စုဆောင်းနေပါတယ်။



ပင့်ကူတွေကြောက်တတ်တဲ့ လူတွေ၊ အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ခံရမှာကိုကြောက်တဲ့သူတွေ ကတော့ အများစုပါ။ Oddee.com ဆိုတဲ့ ၀က်ဆိုက်ဒ်တစ်ခုမှာတော့ လူတွေရဲ့ ကြောက်တတ်တဲ့ အရာတွေကို သေချာစုဆောင်းထားပါတယ်။ လူသိနည်းတာတွေရော၊ လူသိများတာတွေရောပါ။ တစ်ချို့တွေက Peanutbutter လိုမျိုး စားလိုက်ရင် ပါးစပ်ထဲမှာ စေးကပ်ကပ်ဖြစ်နေတဲ့ အစားအစာတွေကို ကြောက်တဲ့ရောဂါရှိပါတယ်။ အဲဒါက Arachibutyrophobia လို့ခေါ်ပါတယ်။ နောက်ဆုံးတွေ့ရှိတဲ့ Phobia ကတော့ Nomophobia လို့ခေါ်တဲ့ mobile ဖုန်းမရှိရင်ကြောက်တတ်တဲ့ရောဂါပါ။ ဖုန်းမှာ ဘက်ထရီမရှိတာပဲ ဖြစ်ဖြစ်၊ Signal မရတာပဲဖြစ်ဖြစ်၊ တစ်နေ့လုံးလက်ထဲမှာ ဖုန်းမရှိတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်နေပြီဆိုရင် သွေးခုန်နှုန်းတွေမြန်လာပြီး အသက်ရှုမမှန်ဖြစ်နေရင်တော့ nomophobia ဖြစ်နေပြီပဲ။


အပေါ်မှာရေးပြထားတဲ့ website မှာစုဆောင်းထားတဲ့ ထဲက top 10 Phobia တွေထဲမှာ ဆယ်ကျော်သက်တွေကို ကြောက်တဲ့ Ephebiphobia လည်းပါ ပါတယ်။ အဓိက ကတော့ အသက်ကြီးတဲ့မျိုးဆက်တွေမှာ ရှာတွေ့တာပါ။ နောက်တစ်ခုကတော့ လူအမြင်ခံရမှာတို့၊ သူများအကြည့်ခံရမှာတို့ကိုကြောက်တဲ့ Scopophobia ပါ။ ထူးဆန်းတယ်နော်။ ရီလည်းရီရသလိုပဲ။


လူသိအနည်းဆုံး Phobia အချို့ ကိုလည်း တွေ့နိုင်ပါသေးတယ်။


Thaasophobia - ထိုင်ချရမှာကို ကြောက်တဲ့ရောဂါ


Sciaphobia - အရိပ်တွေကို ကြောက်တဲ့ရောဂါ


Peladophobia - ကတုံးနဲ့လူတွေကို ကြောက်တဲ့ရောဂါ


Nelophobia - မှန်၊ ဖန် တွေကို ကြောက်တဲ့ရောဂါ


Cheimaphobia - အေးတာကို ကြောက်တဲ့ရောဂါ (ဒါကတော့ ကိုယ့်ရောဂါပဲ)


Koniophobia - ဖုန်တွေကို ကြောက်တဲ့ရောဂါ


Papaphobia - ပုပ်ရဟန်းမင်းကြီးကို ကြောက်တဲ့ရောဂါ (ဖြစ်မှဖြစ်ရလေ ဟိုကဖြင့် လေတိုက်ရင်တောင် လဲ နိုင်တဲ့ဟာကို)


Methyphobia - alcohol ကိုကြောက်တဲ့ရောဂါ (ဒီရောဂါကတော့ အသက်ရှည်နိုင်မလားပဲ)


Nucleomituphobia - Actomic Bomb တွေ၊ Nulear တွေကို ကြောက်တာ (ဒါကတော့ ကြောက်သင့်ပါတယ်)


Politico phobia - နိုင်ငံရေးသမားတွေကို ကြောက်တဲ့ရောဂါ ( န.အ.ဖ တွေ သေတဲ့အထိ ခံစားသွားရမယ့်ရောဂါပါ)


ဒါကတော့ ဒီနေ့ဖတ်တဲ့ သတင်းစာထဲမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို မတောက်တစ်ခေါက် စမ်းတမ်းတမ်း ဘာသာပြန်ထားတာပါ. မူရင်းကိုတော့ http://metroxpress.dk/dk/nyheder/ မှာရှာဖတ်လို့ရပါတယ်။


Photo from http://www.oddee.com/item_96516.aspx

ဖိနပ်ချစ်သူတွေအတွက် နောက်ဆုံးပေါ် ဖိနပ် ဒီဇိုင်းတွေ ဟိုဖွေဒီရှာ စုဆောင်းပေးလိုက်ပါကြောင်း...... မောင်းထုကြေငြာအပ်ပါသည်။


ဒါကတော့ ပင့်ကူချစ်သူများအတွက်






ကဲ ဘာအကောင်းဆုံးလဲ ရွေးရခက်နေကြပြီလား... ဓာတ်ပုံများကို oddee.com မှ ရယူပါကြောင်း ထပ်လောင်းပြောပြအပ်ပါသည်။

Happy Belated Birthday

Happy Belated Birthday

to Aunty Su


အမှန်တော့ မနေ့တုန်းက အန်တီစုမွေးနေ့မှာ အမှတ်တရပို့စ်လေးတစ်ခုရေးဖြစ်အောင်ရေးမလို့ပါ။
ဒါပေမယ့် မထင်မှတ်ပဲ ကျောင်းကလည်း စောမပြီး၊ အိမ်ပြန်ရောက်တော့လည်း အလုပ်တန်းလုပ်နေရတာနဲ့
ဒီနေ့မနက်မှပဲရေးဖြစ်ပါတော့တယ်။
အိမ်မက်ထဲမှာတောင် အန်တီစုအတွက်တဲ့ ရွှေတိဂုံဘုရားသွားပြီး ဘုရားပူဇော်နေသေးတယ်။
မနက်အိပ်ယာထထခြင်း အမေဖွင့်ထားတဲ့ ဘီဘီစီက ပြောနေတယ်။
အန်တီက မွေးနေ့မို့လို့ အကျဉ်းသားတွေကို ဒန်ပေါက်ကျွေးချင်တာ အကျဉ်းသားတွေတစ်ယောက်မှ အနားကပ်လို့မရဘူးတဲ့။
သြော်.... သူတို့ရဲ့  မစ္ဆရိယ စိတ်ကလည်း တော်တော်ကြောက်ဖို့ကောင်းတယ်နော်။
လူတစ်ယောက်ရဲ့ အခွင့်အရေးကို ပိတ်ပင်ပုံကလည်း တရားနည်းလမ်းမကျလိုက်တာ။
မြန်မာနိုင်ငံကလူအများစုကလည်း မွေးရာပါအခွင့်အရေးဆိုတာ တစ်ခါမှ မကြားဖူးကြပါဘူး။
သူတို့မှာ လူတစ်ယောက်ရဲ့ အခွင့်အရေးအပြည့်အ၀ရှိတယ်ဆိုတာလဲ မသိကြပါဘူး။
ပြောမယ့်သူမှမရှိတာကိုး။
ပြောခဲ့တဲ့သူတွေအားလုံးကလည်း ထောင်ထဲမှာလေ။ တစ်ချို့ တွေလည်း အသက်သာပေးသွားရရှာတာ။
အန်တီရေ...
အန်တီ အခုလိုမျိုး မတရားမှုနဲ့ လူယုတ်၊လူညစ်တွေရဲ့  ကလိမ်ကကျစ်ကြ မှုတွေမှ အမြန်ဆုံးလွတ်မြောက်ပြီး
အသက်ရာကျော်ရှည်ပါစေ။
အန်တီမြင်ချင်တဲ့ တရားမျှတ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်လည်း ချစ်တဲ့အမိဗမာပြည် အမြန်ဆုံးရောက်ရှိပါစေ။
ရင်ထဲက လှိုက်လှိုက်လှဲလှဲဆုတောင်းပါတယ်။